
ဟောဒီနွေရာသီပေါ့
မင်းအတွေးတွေ မျော်ငေးနေမယ့်
မွေးရပ်ဆီမှာ…
ငါလည်း မင်းကို လွမ်းဆွတ်နေမိတယ်
ပိတောက်ပွင့်ဝါ၀ါတွေ ကခုန်နေတဲ့
နှစ်သစ်အကြိုညတွေမှာ…
မင်းကော ပိတောက်ရနံ့တွေကို ရနေမလား….
မြို့မရဲ့တေးသွားတွေ
ဟောင်းအိုမသွားတဲ့ ငါတို့ဆီမှာ...
လူငယ်တစ်ချို့က ဟစ်ဟော့တွေဆိုလို့
ဓါတ်ပြားတွေပွတ်လို့…
သူတို့အားလုံး လွတ်လပ်ပျော်ရွှင်ခြင်းကို
နွေဦးနဲ့အတူ ရင်ထဲကို ယူဆောင်လိုခဲ့ကြတယ်…
ငါ့အတွက်ကတော့
မိဆိုးရဲ့ဆံနွယ်ကြားကို
ပိတောက်ခက်တစ်ချို့ဆင်မြန်းပေးဖို့
စိတ်ကူးအိပ်မက်ဖူးတယ်…
ငါရူးတယ်လို့ ဆိုချင်ဆိုပါ မိဆိုး…
နွေဦးနဲ့မိဆိုးကို ငါဘယ်တော့မှ ရိုးမသွားဘူး…
ပိတောက်တစ်ခက်နဲ့
ဘ၀တစ်သက်စောင့်နေပါ့မယ်…
ငါ့ရင်ဘတ်ရွက်ကြွေတောမှာ
မိဆိုးအတွက် ပိတောက်တွေသာ ပွင့်ဝေနေဆဲ….
No comments:
Post a Comment